Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Thursday, September 18, 2014

စစ်တွေထောင်ထဲတွင် ကွယ်လွန်ခဲ့ရသူ ရခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း ပြောစကားများ မှတ်တမ်းတင်ပွဲ စစ်တွေတွင်ပြုလုပ်


စစ်တွေထောင်ထဲတွင် ကွယ်လွန်ခဲ့ရသူ ရခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း၏ပြောစကားများ မှတ်တမ်းတင်ပွဲ အခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က စစ်တွေမြို့ရှိ ဂြစ်ဘက်ကျောင်းတွင် မွန်းလွဲ ၁ နာရီမှစတင်ကာ စစ်တွေမြို့ရှိ သာဂီမဏ္ဍိုင်စာပီဝိုင်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်
ဦးဦးသာထွန်းသည် ရခိုင်သမိုင်းကို အသက်နှင့်ရင်း၍ ဖော်ထုတ်ခဲ့သူတစ်ယောက်ဖြစ်ပြီး ရခိုင့်ဂုဏ်ကို မြှင့်တင်ခဲ့သည့် ပညာရှိ သုခမိန်တစ်ယောက်ဖြစ်သည့်အတွက် ဆရာကြီး၏ကျေးဇူးကိုသိတတ်သောအားဖြင့် ယခုကဲ့သို့ အခမ်းအနား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အခမ်းအနားသဘာပတိတစ်ဦးဖြစ်သူ သာဂီမဏ္ဍိုင်စာပီဝိုင်းမှ နာယက ဦးမောင်သိန်းထွန်းက ပြောသည်။
“ဆရာကြီးပြောစကားတွေကို နောင်လာနောင်သားတွေ မှတ်သားနိုင်ဖို့အတွက် မှတ်တမ်းမှတ်ရာတွေ အလွန်နည်းပါးနေပါတယ်။ ပညာရှိ သုခမိန်တွေရဲ့စကားတွေကို  နောင်လာနောင်သားတွေက မှတ်သားနာယူ ဆောင်ရွက်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ယင်းက ရှင်းပြသည်။
ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ကျမ်းဂန်မျိုးစုံကိုဖော်ထုတ်ပြုစုခဲ့သည်သာမက ရခိုင် ကကွက်ကဟန် များကိုလည်း မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်တွင်ထွင်းထုထားသော ကျောက်ဆစ် လက်ရာ ကကွက် ကဟန်များအတိုင်း ကပြနိုင်အောင် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
ယင်းအပြင် ဆရာကြီးသည် ရခိုင်အကနှင့်ပတ်သက်ပြီး ပြောကြားမှုများတွင် ရခိုင်အကသည် မည်သည့်လူမျိုးများ၏ အကနှင့်မျှ မတူသည့် ထူးခြားသောအကတခုဖြစ်ပြီး ဘယ်ခြေဘယ်လက်၊ ညာခြေညာ လက်အတင်အချ ကရသည့်အကဖြစ်သည်ဟု ပြောကြားခဲ့ဖူးကြောင်း ဆရာကြီးနှင့်နီးစပ်သူများ၏ပြောပြချက်အရ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ရခိုင်သမိုင်းသုတေသီတစ်ဦးဖြစ်သူ ဆရာ ကြီးဦးမောင်ဗသိန်းက “ရခိုင်ယဉ်ကျေးမှုကို ရခိုင်တွေ မြတ်နိုးတန်ဖိုးထားတတ်အောင်၊ ကိုယ့်ယဉ်မှုကို အထင်မ သေးရအောင် အဓိကစိတ်ဓါတ်ကိုအခြေခံပြီး ဆရာကြီးကဆုံးမပေးပါတယ်။ ရခိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သုခုမအနုပညာအကြောင်းတွေကို ပြောပြတတ်ပါတယ်”ဟု ပြောသည်။
ဆရာကြီးသည် ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုကို ကမ္ဘာသိအောင်ဖေါ်ထုတ်ရာတွင် ခေတ်ပညာတတ်များ ဖြစ်ကြသည့် ဆရာစံကျော်ထွန်း၊ ဆရာဦးစံသာအောင်၊ ဆရာကြီးဒေါက်တာအေးကျော်တို့နှင့်လက်တွဲဆောင် ရွက်ခဲ့ကြောင်း ဆရာကြီးဦးမောင်ဗသိန်းက ပြန်ပြောင်း ပြောပြသည်။
ဆရာကြီးဦးဦးသာထွန်း၏ကွန်မြူနစ်ဝါဒနှင့်ပတ်သက်ပြီးပြောကြားမှုများတွင် ကွန်မြူနစ်ဝါဒသည် သာ မန်လူများမကျင့်နိုင်သည့် အရိယာဝါဒတခုဖြစ်သော်လည်း လက်ဝဲစကားကို ဘုမသိဘမသိ ပြောကြားနေသူ များအား ဆရာကြီးကလက်မခံသည့်အပြင် ကွန်မြူနစ်စကားကိုတဖွဖွပြောကြားသည့် သားအဖြစ်သတ်မှတ် ခံထားရသူ တပည့်ရင်းတစ်ဦးကိုပင် သားအဖြစ်မှစွန့်လွှတ်ဖူးကြောင်း ဆရာကြီး၏တပည့်ရင်းတစ်ဦးဖြစ်သူ ဦးဖိုးကျော်သန်းက ပြောသည်။
“ဖဆပလ-ခေတ်က ရခိုင်လူမျိုးတွေမှာ မူပိုင် စာ၊ စကားမရှိတဲ့ခေတ်၊ ဗမာတွေမှာသာရှိတဲ့သဘော၊ အဲ့ဒါကို ဆရာကြီးဦးဦးသာထွန်းက သျှစ်သောင်းဘုရားဖူးတွေကို ရခိုင်သမိုင်း၊ ရခိုင့်ယဉ်ကျေးမှုများနဲ့ဆက်စပ်ပြီး ညွှန်ပြဆုံးမစကားတွေကို ပြောကြားပါတယ်။ ယဉ်ကျေးမှုမရှိရင် လူမျိုးမရှိဘူး၊ လူမျိုးတမျိုးဟာ ယဉ်ကျေးမှု အပေါ်မှာ မူတည်ပါတယ်လို့ ဆရာကြီးက ဆုံးမစကားဆိုခဲ့ဖူးပါတယ်” ဟု ဦးဖိုးကျော်သန်းက ပြောသည်။
Group-of-U-U-Tha-Tun-follower
ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်နေ ဖခင် ဦးကောင်းစံ ရွှီ၊ မိခင်ဒေါ် အောင်ကြွဇံတို့မှ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကပင် အဖိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင် (ရခိုင်မဟာရာဇဝင်တော်ကြီး ကျမ်းကိုပြုစုရေးသားသူ) ထံ ရခိုင်ရာဇဝင်၊ ရခိုင်ဆေးကျမ်း၊ ရခိုင်နက္ခတ်ကျမ်းများနှင့် ရခိုင် သမိုင်းဆိုင်ရာများကို လေ့လာလိုက်စားခဲ့ကြောင်း သိရသည်။
၁၉၉ဝ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများဖွဲ့စည်းလာကြသောအခါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီ၏ နာယက တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ကျောက်တော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
ရွေးကောက်ပွဲစည်းရုံးရေးကာလတွင် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည်ဆင်းရဲမွဲတေမှုအပါအဝင် ရခိုင်ပြည် သူများကျွန်ဘဝသို့ ကျရောက်ရသည့်သမိုင်းများကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြားချောင်းရွာတွင်ဟောပြောခဲ့မှုကြောင့် ၁၉၉ဝ ခုနှစ်၊ မေလ ၂၂ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသည်။
ယင်းနောက် ဆရာကြီးသည် ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် နေ့တွင် စစ်တွေထောင်ထဲ၌ ကွယ်လွန် သွားခဲ့သည်။
ဆရာကြီးကွယ်လွန်သည့် ၂၄ နှစ်နှင့် တစ်လပြည့်မြောက်နေ့အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော ဦးဦးသာထွန်း၏ ပြောစကားများမှတ်တမ်းတင်ပွဲအခမ်းအနားသို့ ရခိုင်သမိုင်းပညာရှင်များဖြစ်ကြ သော အရှင်ပညာစာရ၊ ဦးအောင်လှသိန်း၊ ဦးမောင်ဗသိန်းနှင့် လက်ရင်းတပည့်တစ်ယောက်ဖြစ်သော ဦးဖိုးကျော်သန်း၊ ဦးဦးသာထွန်းသမီးတစ်ဦးအပါအဝင် သာဂီမဏ္ဍိုင် စာပီဝိုင်းအသင်းသူ/သားများနှင့် ဆရာကြီး ဦးဦးသာထွန်းအကြောင်း စိတ်ပါဝင်စားသူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ဆရာကြီးအကြောင်းနှင့်ပတ် သက်၍  မှတ်မိသလောက်ကို ပြောကြားခဲ့ကြသည်။
လာမည့်နှစ်တွင် ဆရာကြီး ဦးဦးသာထွန်းကွယ်လွန်ခြင်း ၂၅ နှစ်မြောက်(ငွေရတုအထိမ်းအမှတ်) အခမ်းအနားတစ်ခုကို စစ်တွေမြို့တွင်ခမ်းနားစည်ကားစွာပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဆရာကြီးနှင့်ပတ်သက်သည့်အထောက်အထားများရှိလျှင် စစ်တွေမြို့ရှိ သာကီမဏ္ဍိုင်စာပီဝိုင်းသို့ပေးပို့နိုင်ကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/burmese/