Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Wednesday, August 3, 2016

AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်

NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး
ရက္ခိုင့်တပ်မတော် AA မှ ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား သွားရောက်တွေ့ဆုံ၍ မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ မည်သည့်အကြောင်းအရာများ ဆွေနွေးနေသနည်း အပါအ၀င် ရခိုင်၃ဖွဲ့ခွဲနေခြင်းက မည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်ပါသနည်း၊ ရခိုင်၃ဖွဲ့ပူးပေါင်း၍ ရခိုင်လူမျိုးအကျိုးကို မည်သို့ဆောင်ရွက်သွားရန် စဉ်းစားထားပါသနည်း၊ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသူများက ၎င်းတို့အား ချန်ထားကာ ၂၁ရာစုပင်လုံညီလာခံသို့ သွားမည်ဆိုပါက မည်သို့သဘောထားရှိပါသနည်း၊ စသည့် အကြောင်းအရာများကို မေးမြန်းထားခြင်းအား ပြန်လည်တင်ပြလိုက်ပါသည်။
မိုင်ဂျာယန်၊ ဇူလိုင် ၃၀။
ရှမ်းလေး/တေဇာအောင်
အမေး။ ။ အခု မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးမှာ ဗိုလ်မှူးချုပ်တို့ တက်ရောက်လာတာ တွေ့ရပါတယ်ခင်ဗျာ။ အဲဒီမှာကော ဗိုလ်မှူးချုပ်တို့အနေနဲ့ ဘာတွေ တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်နေတာရှိပါသလဲ။
ဖြေ။ ။ ဒီဆွေးနွေးပွဲက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ရှိတယ်။ အထူးသဖြင့်တော့ ပြည်ထောင်စုအခြေခံမူတွေ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အပိုင်းတွေကတော့ ရောက်ပြီဗျာ။ အခြေခံမူတွေချတဲ့ အထဲမှာတော့ ကျွန်တော်တို့ တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကလည်း နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုနဲ့ ချီပြီးမှ ဒါတောင်မကပါဘူး ၂၀၀၀ခုနှစ် ပတ်ဝန်းကျင်လောက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ခေါင်းဆောင်တွေ ဆွေးနွေးလာခဲ့တဲ့ မူကြမ်းတွေက ရှိပြီးသားလေနော်။
အဲဒါတွေကို အတည်ပြုယူတဲ့ သဘောဖြစ်တယ်။ ပြီးရင် ဒီကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကဏ္ဍတွေကိုလည်း ပိုပြီးမှ စေ့စပ်သေချာအောင်ပေါ့ အဲဒါတွေကိုလည်း ပြောဖြစ်တယ်။ ဒီထပ် နည်းနည်းပိုအရေးကြီးတဲ့ ကိစ္စတွေကိုလည်း မနက်ဖြန် ပြောကြအုံးမယ်။
ကျွန်တော် အထူးစိတ်ဝင်းစားတဲ့ ကဏ္ဍကတော့ ရှိပါသေးတယ်။
၂၁ရာစုပင်လုံညီလာခံကို အကုန်လုံး တက်ရောက်စေချင်ကြတယ်ပေါ့။ လူတွေက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားကြတာကို လက်မှတ်မထိုးလိုက်တဲ့ အဖွဲ့တွေဆိုတာက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ထားလို့ဘဲ မထိုးဖြစ်လိုက်တာဖြစ်တယ်။
အခုအစိုးရက ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်မယ်ဆိုရင် NCA ကို ဖြတ်ပြီးသွားရအုန်းမယ်။ NCA ကို ဖြတ်ရအုန်းမယ်ဆိုရင် အားလုံးပါဝင်ရေးမူဆိုတာ မအောင်မြင်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ၃ဖွဲ့ကို (AA, TNLA, MNDAA) လက်မခံဘူးပေါ့။
အဲဒီ့အပေါ်မှာ အခက်အခဲတွေ ပိတ်ဆို့မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ချေ ရှိတယ်။
တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကလည်း မငြိုငြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမူကို ဆွေးနွေးကြမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့ အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုးတစ်ခုတည်းဆိုတာထပ် အကုန်လုံး ပြည်ထောင်စုသားတွေပေါ့လေ အဲဒါအတွက်ကြောင့်လဲ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့်ကွက်စရာ အကြောင်းမရှိဘူး။ သူတို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်။
ကျွန်တော်တို့ကို မပါခဲ့လို့ပေါ့ NCA လက်မှတ်မထိုးလို့ အစိုးရက စစ်ဖိနပ်ဝတ်၊ စစ်တိုက်အုန်းမယ်ဆိုရင်လည်း ကျွန်တော်တို့က ပြန်ပြီး တိုက်နေရအုန်းမှာပါပဲ။ အခြေအနေကတော့ ဒီလိုဖြစ်လာရင်တော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ဘက်က နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတာလည်း တက်နိုင်သမျှ ဖော်ပြပြီးပြီ။ ကမ်းလှမ်းမှုတွေကိုလည်း အပြုသဘောနဲ့ ကြေညာထားပြီးပြီ။ သူတို့ တိုက်လာရင်တော့ ကျွန်တော်တို့လည်း ခုခံနေရအုန်းမှာပါပဲ။
မေး - ဟုတ်ကဲ့။ ဗိုလ်မှူးချုပ် စောစောကပြောသွားတဲ့အထဲမှာပေါ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ်တို့ကို ချန်ထားပြီး သူတို့ သီးသန့်အရင်တက်မယ်ဆိုလည်း တက်ခိုင်းမယ်ဆိုတော့ သူတို့နဲ့ကော ဗိုလ်မှူးချုပ်တို့အကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားပြီးပြီလားခင်ဗျာ။
ဖြေ-ဒါကတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ရဲဘော်ရဲဘက်တွေပါပဲ သူတို့လည်း အကုန်လုံးပါဝင်မှဘဲ ပြဿနာက ပြီးမယ်ဆိုတာကို နားလည်တဲ့အတွက် သူတို့ မထိုးခဲ့တာဖြစ်တယ်။
ဥပမာပြောရမယ်ဆိုရင် အခုဘဲ (CNF) ချင်းအမျိုးသားတပ်ဦးနဲ့ စကားပြောပြီးလာတယ်။
ကျွန်တော်တို့ကို CNF က ချင်းအဖွဲ့ပေါ့နော် သူတို့ ချင်းပြည်အပစ်ရပ်လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်နယ်စပ်နဲ့ ချင်ပြည်နယ်စပ်တွေမှာ အပစ်အခတ်တွေဖြစ်တော့ ချင်းပြည်နယ်ထဲမှာ ကျွန်တော်တို့ ၀င်ပြီးလှုပ်ရှားတယ်။ အစိုးရစစ်ကြောင်းတွေလည်း အများကြီးဘဲ။ အဲဒါ CNF ကတောင်ပြောတယ်။ ကျွန်တော်တို့ ဒီလို ဒီလို ဖြစ်တယ်ပေါ့နော်။ အဲလိုဆိုတော့ တိုက်ပွဲဖြစ်တာက သူတို့ (တပ်မတော်) လာရင် ကျွန်တော်တို့ တိုက်ရမှာဘဲ။
ကျွန်တော်တို့ကတော့ ဆင်ခြင်စေချင်တယ်ဆိုရင် ခင်ဗျားတို့ CNF ကျွန်တော်တို့ကိုလာပြောသလို အစိုးရကိုလည်း သွားပြောသင့်တယ်။
ဘာလို့လဲဆိုတော့ စစ်က နှစ်ဘက်စလုံးဖြစ်နေတာကြီးကိုး ဒါကြောင့်မလို့ ပြည်တွင်းစစ်ဆိုတာ တစ်နေရာမှာ ရပ်ပြီးတော့မှ မရပ်ရင်လည်းဘဲ အဲဒီရဲ့ ဂယက်တွေကို လူထုခံစားရတာ။ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုကို လူထုမရနိုင်သေးဘူးပေါ့နော်။ ဒီလိုမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အခြေအနေတွေက ချောချောမောမောနဲ့ ငြိမ်းချမ်းရေးကို ရောက်မယ့် အလားအလာမရှိဘူးပေါ့။
တကယ်လို့များ ခွဲပြီးမှ သွားလိုက်မယ်ဆိုရင် ညီညွတ်ရေးလည်း ယိုယွင်းသွားလိမ့်မယ်။
အစကတည်းက အားလုံးပါဝင်ရေးမူပေါ့လေနော် အဲဒါကို စည်းကမ်းတစ်မျိုးတည်း မူတစ်မျိုးတည်းနဲ့ အကုန်လုံးလာပါ ညီညီညွတ်ညွတ်လာပြီး ရြှေင်းမယ်ဆိုရင် ပြဿနာပြီးတယ် အခုက ဒါမျိုးဖြေရှင်းတဲ့နည်းကို ပြောတာပေါ့နော်။ ကျွန်တော်တို့က ဟိုအဖွဲ့ကို မူတစ်မျိုး ဒီအဖွဲ့ကို မူတစ်မျိုး ချဉ်းကပ်လိုက်မယ်ဆိုရင် အကုန်လုံး ရှုပ်ကုန်မယ်။ ပြီးရင် ဒါ တန်းတူညီမျှရေးအခြေခံပေါ်မှာ မလုပ်ဘူးပေါ့နော် အဲလိုပြောရမှာပေါ့။
မေး။ ။ အခုဆိုရင် ရခိုင်မှာ ၃ဖွဲ့ဖြစ်နေတယ်။ ANC ရယ်၊ AA ရယ်၊ ALP ရယ်ပေါ့။ အခုလို ၃ဖွဲ့ခွဲနေရခြင်းက ဘယ်လိုအကြောင်းအရာတွေရှိနေလို့ပါလဲ
ဖြေ။ ။ ဒါကတော့ တစ်ခါတစ်လေ မူနဲ့ ပုဂ္ဂိုလ်ရေးဆိုတာရှိတယ်။ မူမတူလို့ မတူတာရှိတယ်။ ပုဂ္ဂိုလ်ရေးမတူလို့ မတူတာလည်းရှိတတ်ပါတယ်။ ဒါက လူမျိုးတစ်မျိုးမှာ တစ်ဖွဲ့စီပဲ ရှိရမယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း ပါတီတွေ အများကြီး ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးကလည်း ကြံ့ခိုင်ရေးပါတီ၊ NLD လည်း NLD ပါတီရှိတယ်။ တခြား ကမောက်ကမတွေနဲ့ ပါတီတွေလည်း ရှိတာပဲ။ အကုန်လုံး အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံချစ်စိတ်နဲ့ လုပ်ကြတယ်။ ဒါပေမယ့် တခြားသော အကြောင်းတရားတွေကတော့ မတူညီဘူးပေါ့လေနော် အဲဒါတော့ရှိတာပေါ့
ရခိုင်မှာ လက်နက်ကိုင်၃ဖွဲ့ရှိတယ်။
ဒါပေမယ့် ဘယ်အဖွဲ့နဲ့ တိုက်နေလည်းဆိုတော့ ဒီ ULA/AA နဲ့ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်တာက တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသွားလုပ်တယ်ဆိုတော့ နည်းနည်းလောက် လွဲချော်မှုတွေဖြစ်သလားပေါ့နော်။ ကျွန်တော်တို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာက မတိုက်တဲ့လူနဲ့ သွားလုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား။ တိုက်တဲ့လူနဲ့လုပ်တာကြတော့ ငြိမ်းချမ်းရေးလို့ခေါ်မလား ဆိုတာကြတော့ ကျွန်တော်တို့ထက်ကြီးမြတ်သော လူကြီးမင်းတို့ကိုယ်တိုင် ပိုနားလည်မယ်ထင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်တစ်ခု သိချင်တာပေါ့ ရခိုင်၃ဖွဲ့ပေါင်းပြီးတော့ ရခိုင်လူမျိုးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကော ရှိပါသလားခင်ဗျား။
ဖြေ။ ။ တချို့ကိစ္စတွေမှာတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မူအားဖြင့် သဘောတူထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုမျိုး အကြပ်အတည်းအမျိုးမျိုး ကြားမှာပေါ့နော် ခရီးဆက်နေရတဲ့ လူမျိုးတစ်မျိုးဆိုတော့ သဘောထားတွေ ကွဲလွဲတာတွေတော့ ရှိကြပါတယ်။
ဥပမာ ဘင်္ဂလီကိစ္စတွေပေါ့နော် ကျွန်တော်တို့အဖွဲ့တွေကျတော့ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာအမှားတွေပေါ့နော် တပ်ဦးမကျွံသွားဖို့အတွက် အရမ်းထိန်းထိန်းသိမ်းသိမ်း လုပ်ရတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ သူတို့မှာ သူတို့မူတွေရှိနေအုန်းမယ်။ ကိစ္စတွေအပေါ်မှာ တစ်ယောက် တစ်ယောက် ၀င်မစွက်ဖက်သင့်ဘူး ထင်တာတွေလည်းရှိတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဟာတွေကိုတော့ ပေါင်းလုပ်သွားဖို့ ရှိတယ်။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးချုပ် နောက်ဆုံးတစ်ခုလောက် သိချင်ပါတယ်။ အခု အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားလဲ ခင်ဗျား။
ဖြေ။ ။ ဖြစ်စေချင်တာကတော့ အကောင်းဆုံးအောင်မြင်မှုကို ရောက်စေချင်တယ်ပေါ့လေ။ သို့သော်လည်းဘဲ ဖြစ်နိုင်ချေတွေကို ဆက်စပ်စဉ်းစားကြည့်တဲ့အခါမှာတော့ အခက်အခဲတွေ ရှိနေအုန်းမှာပဲ။ ဒီအရပ်သား အစိုးရဘက်ကပေါ့ အစိုးရဘက်ကနေ အကုန်လုံး ပါဝင်ရမယ်လို့ ပြောနေတဲ့အချိန်မှာပေါ့လေ တပ်က သူ့ရဲ့မူက ရှိနေသေးတယ်။ သူ့ရဲ့ သဘောထားရှိတယ်။ အဲ့ဒါကို ကျော်လွှားနိုင်မှာလားဆိုတဲ့ မေဒခွန်းက အဓိကကျတယ်။ တပ်က သဘောမတူရင် အစိုးရဘက်ကလည်း တချို့ကိစ္စတွေ ဆောင်ရွက်လို့မရဘူး။
များသောအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ အရေးအရာတွေကို နှစ်ပေါင်း၆၀လောက် အကုန်လုံးကို အစစ အရာရာ ချုပ်ကိုင်ထားခဲ့တယ်။ တချို့ကိစ္စတွေမှာ သူတို့ မကိုင်တော့ဘူးဆိုရင်တောင်မှ သူ့ရဲ့ စစ်စတန် (System) ပေါ့လေ။ အရိုးစွဲနေတဲ့ လူတွေက ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရမှာတောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆန့်ကျင်တဲ့ အုပ်ချုပ်ရေးမှူးရှိနေသေးတယ်လေ။ သူက ဟိုကနေ အရိုးစွဲနေတဲ့ ပုံစံခွက်ထဲကနေ သူကမပျောက်နိုင်ဘူး အဲဒါတွေကြောင့် တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် လက်တွေ့နယ်ပယ်မှာ စိန်ခေါ်မှုတွေ ရိုက်ချိုးပြီးမှ မထိုးဖောက်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဒီဇတ်မျောကြီးထဲမှာ တ၀ဲလည်လည်နေဦးမှာပဲလို့ ကျွန်တော်မြင်ပါတယ်။
အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment