Subscribe:

Ads 468x60px

မိမိရို့ တိုင်းပြည်ကို တိုက်ယူစွါမှအပ အရာမရှိ

Wednesday, July 8, 2015

ငြိမ်းချမ်းရေး ဖိတ်စာပြင်ချင်ရင် ဘီလူးစိမ်းဝိညာဉ် လိပ်ပြာစင်ဖို့ လိုတယ်



အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက်ချက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တဲ့သတင်းကို DVB TV News ၀ဘ်ဆိုဒ်မှာ ဇူလိုင် ၃ ရက်နေ့က ဖတ်လိုက်ရတယ်။
ပြည်တွင်းစစ်မီးကို ငြိမ်းသတ်နိုင်ဖို့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ စစ်မီးလျှံပြီး လုပ်စားကြီးပွားနေတဲ့ စစ်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ဘဏ္ဍာနဲ့ ဘီလီယံနာဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အာဏာရှင်အဆိပ်အတောက် ဂျွတ်တက်နေတဲ့ အတွေးအခေါ်အဟောင်းတွေ မပြင်ဘဲ အုပ်စီးဆွေးနွေးနေလို့ကတော့ လုံးဝမရနိုင်ပါဘူး။
ဆွေးမြေ့ ဟောင်းနွမ်းပြီး ခေတ်နဲ့ မလျော်ညီတော့တဲ့ မန္တာန်ဟောင်းကြီးဖြစ်သည့် တို့တာဝန်အရေး ၃ ပါး ကို ရွတ်ဖတ်နေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဝင်မယ့် သူတိုင်း ကျင့်သုံးစွဲကိုင်ရမယ့် အခြေခံစိတ်ဓာတ်ကတော့ ရိုးသားမှုပါပဲ။
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး မလုပ်လိုတဲ့ စစ်အာဏာရှင်နဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ စစ်ရေးအသာစီး ရချင်တာတို့၊ လက်ဦးမှု ရချင်တာတို့၊ ကိုယ့်နယ်မြေကာကွယ်ဖို့ ဆိုတဲ့ စတဲ့အကြောင်းပြချက်တွေ လျှောက်ပြပြီး အခုချိန်မှာ တိုင်းရင်းသားတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် Disarmament၊ Demobilization၊ Reintegration(DDR) လုပ်ငန်းစဉ်ကို သဘောတူလိုက်နာဖို့ ဖိအားပေးနေတာ၊ အယောင်ပြ အပစ်ရပ်ဆွေးနွေးပွဲတွေ၊ အနှစ်မပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အချိန်ကုန်နေရင်တော့ မရိုးသားဘူးလို့ပဲ ပြောချင်တယ်။
တိုင်းရင်းသားတွေနဲ့ ပြည်သူပြည်သားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အားလုံးတန်းတူညီမျှ အခွင့်အရေးရဖို့ အာမခံမည့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ အာမခံမည့် ပြည်ထောင်စုမျိုးပါ။ ပြည်နယ်နဲ့ တိုင်းများမှာ ရှိတဲ့ သက်ဆိုင်ရာ လူမျိုးစုတွေ နိုင်ငံသားတွေဟာ ကိုယ့်အရေး ကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခွင့်ရဖို့ အာမခံတဲ့ ပြည်ထောင်စုမျိုးပါ။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ တရားဝင်ပါဝင် စုဖွဲ့စေပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အနေနဲ့ ပေါင်းစည်းသွားခြင်းမျိုးပါ။
အခုဖြစ်နေတာက တိုင်းပြည်ကာကွယ်ရေးကို အကြောင်းပြ၊ စစ်တပ်ရဲ့ အရေးပါမှုကို ဗန်းပြပြီး လုပ်စား ကြီးပွားနေတဲ့ တချို့သော စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ အရေးပါမှုပျောက်ဆုံးမှာ စိုးရွံ့နေတဲ့ ဘယာကတိနဲ့ ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်မရချင်တဲ့ စေတနာဆိုးတွေက ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင်လုပ်နေသလို ဖြစ်နေတာပေါ့။
စစ်ရေးအသာစီးရဖို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် လက်မှတ်မထိုးချင်ကြတာ ပြည်သူ့ဆန္ဒ မဟုတ်ဘူး။ သူတို့ရဲ့ ဆန္ဒသာ ဖြစ်တယ်။ ဘယ်သူကမှ အဲဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းပြည်ကို ချောက်ကမ်းပါးထဲ မကျအောင် မကယ်တင်ခိုင်းဘူး။ သူတို့အကျိုးစီးပွားအတွက် စစ်မီးတွေမွှေးပြီး ဇွတ်ကယ်တင်နေတာကို ပြည်သူတွေက သိပြီးသားပါ။
ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တကယ့်ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စားပြုသူတွေ၊ လူထု ယုံကြည်လေးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ သမိုင်းကြောင်း ရှင်းသန့်ပြီး ပြည်သူချစ်တဲ့နိုင်ငံ၊ အမိအဖတွေ ပါဝင်မှာသာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စုပေါင်းဆွေးနွေးထားတဲ့ လော်ခီးလာညီလာခံရဲ့ အောက်ပါ ဆုံးဖြတ်ချက်တွေဟာ သဘာဝကျပြီး အကျိုးအကြောင်းဆီလျှော်ပါတယ်။
(၁) အတည်ပြုမူကြမ်း အပိုဒ် ၅ – အန်စီစီတီအဖွဲ့ဝင်အားလုံးပါနိုင်မှ အန်စီအေကို လက်မှတ်ထိုးရန်။
(၂) အတည်ပြုမူကြမ်း အခန်း ၆ – ကြားကာလအတွင်း နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် “မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ” ကို ထည့်သွင်းလိုက်ခြင်း။
(၃) အတည်ပြုမူကြမ်းအပိုဒ် ၂၆ တွင် ပါရှိသည့် “ဤသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေး ဆောင်ရွက်သွားရန်” ဟူသောအပိုဒ်ကို လော်ခီးလာအစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁၀) တွင်  “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း” ဆိုသည်မှာ “ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းရာတွင် မည်သည့်အကြောင်းတရားကြောင့်မျှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း၊ အတည်ပြုရန် အချိန်ဆွဲခြင်း လုံးဝမပြုလုပ်ခြင်း” ကို ဆိုလိုကြောင်း ဆုံးဖြတ်ခြင်း။
(၄) လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသော စကားစုတွင် “ပြန်လည်ပေါင်းစည်းခြင်း” ဟူသော ဝေါဟာရကို ဖြုတ်လိုက်ခြင်းနဲ့ အဓိကကျသည့် ခြွင်းချက်ဝေါဟာရဖြစ်သော “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့ အညီ”၊ “ဥပဒေနဲ့ အညီ”၊ “နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရယူပြီး” စသည်တို့ကို ဖြုတ်လိုက်ခြင်း။
(၅) သဘောတူစာချုပ်ကို လက်မှတ်ထိုးရာတွင် အစိုးရဘက်က ထိပ်သီးများသာမက အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်များနဲ့ နိုင်ငံ ၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးစေခြင်း။
ဒါကြောင့်လည်း ဦးသိန်းစိန်တို့ ကာချုပ်ကြီးမင်းအောင်လှိုင်တို့ရဲ့ စစ်တပိုင်းအစိုးရက အပစ်ရပ် စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်တာပါ။
အပစ်ရပ်စာချုပ်ကို သူတို့ဘက်က အသာစီးယူပြီး တိုင်းရင်းသားတွေ တောင်းဆိုတာ မလိုက်လျောဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ချအပ်ပြီး သူတို့လက်အောက်ခံအနေနဲ့ အဖိနှိပ်ခံလူ့အဖွဲ့အစည်းမှာ ပေါင်းစည်းသွားအောင် ဖိအားပေးနေကြတာပါ။ စိတ်မပါဘဲ လက်မှတ်ထိုးရအောင် မထိုးရင် ၂၀၁၅ ရွေးကောက်ပွဲ မလုပ်မှာလိုလို၊ ဖွဲ့စည်းပုံပြင်ဖို့ မဖြစ်နိုင်ဘူးလိုလိုသဘောမျိုးနဲ့ လှည့်ပတ်လိမ်ကောက်အချိန်ဆွဲ နေကြတာ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်း ရွှေဝါဆပ်ပြာ လိုချင်ရင်၊ စားမရတဲ့ ငစိန်ဆန်ကြမ်းနဲ့ မဲနယ်တွဲယူရမယ်လို့ အကျပ်ကိုင်ရောင်းတဲ့ သမ၀ါယမဆိုင်လို လုပ်နေပြန်တာပါပဲ။
စစ်အစိုးရတိုင်းဟာ လက်နက်ချခိုင်းတဲ့ သဘောမျိုး အစဉ်တစိုက် ဦးတည်ဆွေးနွေးလာခဲ့တာ အာဏာရှင် ဗိုလ်နေ၀င်းလက်ထက်ကနေ ကာချုပ်ကြီးမင်းအောင်လှိုင်အထိ ခုထိ တိုင်အောင်ပဲ။  ဆွေးနွေးပွဲတွေမှာ လက်နက်အရင် ချခိုင်းပြီဆိုတာနဲ့ မရိုးသားတော့ဘူးလို့ သေချာပေါက် ပြောလို့ရပါတယ်။ ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုတာလည်း ထင်ရှားပြီးသား ဖြစ်ပါတယ်။
တကယ်ပဲ ငြိမ်းချမ်းရေးအစစ်အမှန်ကို အဟုတ်ရချင်၊ လိုချင်ရင်တော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မိမိမှာ ပူးကပ်နေတဲ့ စစ်ဘီလူးစိမ်းဝိဥာဉ်ကို ဦးစွာပထမ ဖြုတ်ခွာချပစ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသိနိုးကြားမှုနဲ့ နိုင်ငံရေးရာသီဥတုဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ခေတ်ပြိုင်အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန်သုံးသပ်တတ်ဖို့ လိုနေပြီ။ မြန်မာပြည်မှာ ဗြဟ္မစိုရ်တရားကို ကျင့်သုံးတဲ့ ဟီရိသြတပ္ပတရားကို အလေးထားတဲ့ စာရိတ္တသီလနဲ့ ၀ါရိတတ္တသီလကို စောင့်ထိန်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ၊ လိပ်ပြာသန့်တဲ့ လူ့အဖွဲ့အစည်းတွေ အားကောင်းလာနေတာ သတိပြုမိကြရဲ့လား။
ပေးရမယ့်အချိန်မှာ ကျက်သရေရှိရှိ ပေးတတ်ဖို့ လိုတယ်။ ပြင်ဆင်ရမယ့်အချိန်မှာ စေတနာအပြည့်နဲ့ ရိုးရိုးသားသား ပြင်ဆင်တတ်ဖို့ လိုပါတယ်။ ပေးရမယ့်အချိန်ကျနေပေမယ့် မပေးဘူး၊ ပြင်ဆင်ရမယ့်အချိန်မှာ မပြင်ဆင်ဘဲ တင်းခံနေတယ်ဆိုရင် သမိုင်းဆိုးအညစ်အကြေးတွေပေကျံ အကြွေးခံပြီးမှာ ကျက်သရေမဲ့စွာ ပေးရတတ်တယ်။ ရုပ်ဆိုးအကျည်းတန်စွာ နိဂုံးသပ်ရင်း ပြင်ဆင်ရတတ်တယ်။
ခေတ်သမိုင်းကြောင်းက တောင်းဆိုလာတဲ့ ပြောင်းလဲမှုဆိုတာဟာ တားလို့ ရစကောင်းတဲ့အရာ မဟုတ်ပါဘူး။ တားဖို့ ကြိုးစားတဲ့သူဟာ တောင်ပြိုလာတာကို လက်နဲ့ တားဖို့ ကြိုးစားတဲ့လူမိုက်နဲ့ တူပါလိမ့်မယ်။
ဒီတော့ စစ်ဗိုလ်ချုပ်အဟောင်းအသစ်ကြီးငယ်တွေကို တိုက်တွန်းလိုတာက ကိုယ့်မိသားစုနဲ့ ကိုယ့်အနာဂတ် ရေရှည် ကောင်းနိုင်ဖို့၊ လားရာကောင်း ရလဒ်ကောင်းနိုင်ဖို့ အမှန်တကယ်လုံခြုံစိတ်ချနိုင်ဖို့ စဉ်းစဉ်းစားစားနဲ့ ကိုယ့်သမိုင်းကို ရိုးရိုးသားသားရေးကြဖို့၊ သတိကြီးစွာ ချင့်ချိန်မျှော်တွေးပြီး စစ်မှန်တဲ့အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းမပေါ် နိုင်ငံတခုလုံးအရေးဆိုတဲ့အမြင်နဲ့ ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို စေတနာကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။
မင်းကောင်းချစ်
ဇူလိုင် ၄ ရက်နေ့  ၂၀၁၅ ခုနှစ်
အချက်အလက်ကိုးကား – ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ရေးသားတဲ့ လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ-ဆောင်းပါး။

http://burmese.dvb.no/archives/101724

No comments:

Post a Comment